Tuesday, September 13, 2011

အားဆေးများ ပုံမှန်မှီဝဲသူတွေ သတိထားဖို့ လိုလာပြီ


အားဆေးများ ပုံမှန်မှီဝဲသူတွေ သတိထားဖို့ လိုလာပြီ
    လူတစ်ယောက်လျှင် နေ့စဉ်သွားလာ လှုပ်ရှား လုပ်ကိုင်နေကြရာ ခန္ဓာကိုယ်အင်အား သာမက စိတ်ခွန်အားပါ လျော့နည်းလေ့ ရှိသည်။  ယင်းအတွက် ယနေ့ချိန်တွင် ယင်းအင်အားများအား အသင့်ပြန်လည် ဖြည့်တင်းနိုင်ရန် ဗီတာမင် အမျိုးအစားအလိုက် ဆေးဝါးများစွာ ပေါ်ထွက်လာနေသည်။ ထို့အတူ ရွေးချယ် သောက်သုံးနိုင်လာကြပြီး သို့သော် မိမိခန္ဓာကိုယ်တွင် လိုအပ်သော ဗီတာမင် တစ်မျိုးအတွက်သာ ထုတ်ထားသော ဆေးဝါးများအား လွဲမှားစွာ ဝယ်ယူ သောက်သုံးမိသောကြောင့် မလိုလားအပ်သော ရောဂါများ ဖြစ်ပွားနေသည်ကို တွေ့မြင်နေကြရသည်။ ကျန်းမာရေး ဆရာဝန်များ ညွှန်ကြားချက်နှင့် အတူဝယ်ယူ သောက်သုံးခြင်းမျိုး မရှိသည့်အတွက် ယင်းကဲ့သို့သော ရောဂါအန္တရာယ်များ ဖြစ်ပွားလာခြင်း ဖြစ်သည်။ မိမိ ခန္ဓာကိုယ်တွင် လိုအပ်သော ကျန်းမာရေးအရ အားဆေးများ ဝယ်သောက်ရာ၌ အထူး အရေးကြီးလာသည်။
     “လူတစ်ယောက်မှာ အစားအသောက် စားတာပဲဖြစ်ဖြစ်၊ ဆေးဝါးမှီဝဲတဲ့ နေရာမှာပဲဖြစ်ဖြစ် အလွန် ဂရုစိုက်ရပါတယ်။ ထင်နေကြတာက အားဆေး သောက်ရမယ်ဆို ဝယ်တော့ သောက်တယ်။ ကိုယ်နဲ့ သင့်လျော်တဲ့ အားဆေးလား ဆိုတာတော့ မမေးကြဘူး။ မတွေးကြဘူး။ အခုနောက်ပိုင်း ဗီတာမင် လွန်ကဲမှုကြောင့် ရောဂါ ဖြစ်ပွားမှုနှုန်းတွေ မြင့်လာနေတာကို တွေ့ရတယ်” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မကြီး တစ်ဦးက ဆိုသည်။ ထို့အပြင် လာရောက်ကုသသော လူနာများတွင် (၃၀)ရာခိုင်နှုန်းသည် ဗီတာမင် လွန်ကဲမှုကြောင့် ဖြစ်ပွားသော ရောဂါများအား တွေ့ရပြီး ဗီတာမင်များ၏ ကောင်းကျိုး၊ ဆိုးကျိုးများအား သိရှိမှု ဗဟုသုတ အားနည်းခြင်းကြောင့် ယင်းကဲ့သို့ ရောဂါများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်း သိရှိခဲ့ရသည်။ “လက်ရှိ မြန်မာနိုင်ငံမှ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမှာ သံဓာတ် ချို့တဲ့တာ အဖြစ်များနေတယ်၊ ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေကြတယ်။ ဒါ့အပြင်ကို တချို့ ဒေသတွေမှာ များသောအားဖြင့် မြစ်ဝကျွန်းပေါ်လို ဒေသမျိုးတွေမှာ သံဓာတ် လွန်ကဲမှုတွေကြောင့် ရောဂါ ဖြစ်ပွားနေတာတွေကို တွေ့ခဲ့ရတယ်။ ခန္ဓာကိုယ်မှာ သင့်လျော်သော ပုံမှန် အနေအထားထက် မလွန်ကျွံမိစေဖို့ နည်းပညာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေဖို့ လိုလာပြီ” ဟု နယ်များသို့ သွားရောက် ဆေးကုသ ပေးနေသော စေတနာ့ဝန်ထမ်း ဒေါက်တာ ဦးမြလွင်က ဆိုသည်။

ကျေးလက်နေ ပြည်သူများ သာမက မြို့ပြနေ ပြည်သူများတွင်လည်း ယင်းအသိပညာ အားနည်းနေသေးပြီး၊ အလွယ်တကူ ဝယ်ယူ သောက်သုံးမိခြင်းများကြောင့် ရောဂါ အန္တရာယ်များ ရှိနေလေသည်။ သံဓာတ် လွန်ကဲပါက ခန္ဓာကိုယ်တွင် အသည်းခြောက်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရေပြား ရောင်ရင့်လာခြင်းများ ဖြစ်ပွားကြောင်း သိရှိရသည်။ “ကိုယ့်ဆန္ဒနဲ့ကိုယ် အားဆေး ဝယ်သောက်မယ်ဆိုရင် ကိုယ်နဲ့ ကိုက်ညီမယ့် ဗီတာမင် ပါဝင်လား၊ လိုအပ်တာကိုပဲ ဝယ်ပြီး သောက်သင့်ပါတယ်။ ကျန်းမာရေး ဆရာဝန် တစ်ဦးရဲ့ အကြံပြုချက် ယူရင်တော့ အကောင်းဆုံးပေါ့” ဟု ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်မကြီးက ဆိုသည်။ ဗီတာမင်အေ ချို့တဲ့မှုသည် များသောအားဖြင့် ကလေးသူငယ်များတွင် တွေ့ရလေ့ရှိပြီး ဗီတာမင်အေ လွန်ကဲပါက ဆံပင်ကျွတ်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးများရောင်ခြင်း၊ အရေပြားဝါခြင်းများ ဖြစ်တတ်ကြောင်း သိရှိရသည်။ အားဆေး အများစုတွင် သံဓာတ် အများဆုံး ပါဝင်လေ့ရှိရာ ဝယ်ယူ သောက်သုံးပါက ပါဝင်သော သံဓာတ်ရာခိုင်နှုန်းကြည့်၍ လိုအပ်မှသာ သောက်သုံးကြရန် ဆေးလောက အသိုင်းဝိုင်းက သုံးသပ် ပြောကြားသည်။

“ဆေးသုတေသန တွေ့ရှိချက် အရတော့ ဗီတာမင် ချို့တဲ့တာတွေကို ကျေးလက်တွေမှာ တွေ့မြင်နေရတယ်၊ လွန်ကဲတာတွေကြတော့ မြို့ပေါ်နေ ပြည်သူတွေမှာ တွေ့နေရတယ်၊ ရာခိုင်နှုန်းအရ ကြည့်ရင် ချို့တဲ့သူတွေ ပိုများတယ်” ဟု ဆေးသုတေသန ပညာရှင် တစ်ဦးက ဆိုသည်။ အားဆေး အလွန်အကျွံ သောက်သုံးမှုများသည် အနောက်နိုင်ငံများတွင်လည်း ပြဿာနာ တစ်ခုသဖွယ် ရှိနေပြီး နိုင်ငံတကာ အဖွဲ့အစည်းများ၌ ယင်းစစ်တမ်းများ၊ အကြံပြုချက်များဖြင့် ဖြေရှင်းရေး နည်းလမ်းများ ရှာဖွေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ လူ့ခန္ဓာကိုယ်တွင် သွပ်ဓာတ်သည် မရှိမဖြစ် လိုအပ်သလို အလွန်ကျွံ သောက်သုံးပါက ယင်းဆေးဝါး အတွင်း၌ ပါဝင်သော သွပ်ဓာတ်သည် အစာအိမ်လမ်းကြောင်း ကသိကအောက်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်ပွားကြောင်း၊ သတ္ထုဓာတ် ပါဝင်သော အားဆေးများအား လွန်ကျွံစွာ သောက်သုံးမိပါက သွားများ အရောင်ပြောင်းခြင်း၊ အရိုးအဆစ်များ ကြီးခြင်း၊ ခန္ဓာကိုယ်အတွင်း စွမ်းအင်ထုတ်လုပ်မှု လျော့ကျခြင်းများ ဖြစ်ပွားလေ့ ရှိသည်။ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်ဒီ၊ ဗီတာမင်ကေ၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီတွဲဟု ခေါ်သော ဖောလစ်အက်ဆစ်၊ သံဓာတ်၊ သွပ်ဓာတ်၊ သတ္ထုဓာတ်၊ ထုံးဓာတ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ အိုင်အိုဒင်း စသည်ဖြင့် ခန္ဓာကိုယ် အချိုးအစား မျှတစွာ ပါဝင်ရန် အလွန် အရေးကြီးလှသည်။

“ကျွန်တော့် အဖွားက အားဆေး ပုံမှန်သောက်တယ်၊ သားသမီး၊ မြေးတွေကလည်း လစဉ် ဝယ်ပေးတယ်။ အဖွား နေမကောင်းလို့ ဆရာဝန် ပြချိန်မှာ ကျောက်ကပ်မှာ အဆိပ်သင့်တာတဲ့၊ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာ ဆရာဝန် မေးကြည့်တော့ ဗီတာမင်ဒီတွေ ခန္ဓာကိုယ်ထဲမှာ အရမ်းများနေလို့ ပြောတယ်။ ပုံမှန် ဝယ်တိုက်တဲ့ အားဆေးကို ကြည့်လိုက်တော့ ဗီတာမင်ဒီ ပါဝင်မှု များနေတာ တွေ့ရတယ်” ဟု ရန်ကုန် ပြည့်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူနေသော လူနာရှင် တစ်ဦးက ပြောသည်။ ဗီတာမင်ဒီ ပါဝင်သော အားဆေးများ လွန်ကဲစွာ သောက်သုံးမိပါက ကယ်လစီယမ်ဓာတ် များလွန်းပြီး ကျောက်ကပ်အတွင်း စုပုံ အဆိပ်သင့်မှု ဖြစ်ပွားကြောင်း သိရှိရသည်။ ထို့အပြင် မဂ္ဂနီစီယမ် များပြားစွာ ခန္ဓာကိုယ်တွင် ရှိနေပါက အသက်ရှူစနစ် ထိခိုက်ခြင်းများ၊ အရွတ်ဆိုင် တင်းခြင်းများ ဖြစ်ပေါ်ပြီး အသက် သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ ယင်းအတွက်ကြောင့် အားဆေး များစွာတွင် ပါဝင်သော ဗီတာမင်များသည် ခန္ဓာကိုယ်တွင် လိုအပ်သည်ထက် များပြားပါက မလိုလားအပ်သော ရောဂါများ ဖြစ်ပွားစေတတ်သောကြောင့် အားဆေး သောက်သုံးသူများအဖြစ် ရွေးချယ် သောက်သုံးသင့်သလို ကျန်းမာရေး ဆရာဝန်များနှင့် တိုင်ပင်ပြီးမှသာ စွဲမြဲစွာ သောက်သုံးသင့်ပေသည်။ မြန်မာနိုင်ငံအတွင်း ရောဂါ ဖြစ်ပွားမှုနှုန်းတွင် အားဆေး အလွန်အကျွံ သောက်သုံးသောကြောင့် ဖြစ်ပေါ်လာသော ဝေဒနာရှင်များ ၃၀ ရာခိုင်နှုန်း ကျော်လာသည့် အတွက် အားဆေး ပုံမှန် သောက်သုံးသူများ အထူး သတိထားရန် လိုပါသည်။ တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုသည့်အတိုင်း အားဆေးများ ဝယ်ယူ သောက်သုံးရာတွင် များစွာ သတိထား ဆင်ခြင်သင့်ပေကြောင်း
ရေးသားတင်ပြရပါသည်။                                  

No comments:

Post a Comment

Popular Posts

ပလောင်လေးမှ

လာရောက်ကြည့်ရှုသူများ ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကျပါစေ.................