လက်ဖက်မြေ

Tuesday, July 10, 2012

အိုင်တီနှင့် ကွန်ပျူတာဆက်စပ်ကုမ္ပဏီများမှ မိုဘိုင်းဖုန်းဈေးကွက်ကို စိတ်ဝင်စား





အိုင်တီနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများရောင်းချသည့် ကုမ္ပဏီများမှ မိုဘိုင်းဖုန်းဈေးကွက်ကို စိတ်ဝင်စားလာကြောင်း သိရသည်။ ယခင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ၊ ကုမ္ပဏီများမှ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုရှိလာသည့်အပြင် မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့် လုပ်ငန်းများကိုလည်း

လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများမှ သိရသည်။ “မိုဘိုင်းဖုန်းဈေးကွက်ထဲကို ၀င်ရောက်လာတဲ့ အဓိကအကြောင်းအရင်းကတော့ Smart Phone တွေက ကွန်ပျူတာတစ်လုံးလို လုပ်ဆောင်နိုင်စွမ်း တူညီလာတာရယ်၊ ယခုနောက်ပိုင်း ဆက်သွယ်ရေးအဆင့်မြှင့်တင်မှုအရ မိုဘိုင်းဖုန်းသုံးစွဲသူ များလာတဲ့အကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်” ဟု မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ ၀င်ရောက်ခြင်းနှင့်ပတ်သက်၍ KMD မှ Chairman & CEO ဖြစ်သည့် ဦးသောင်းတင်က KMD Mobile Corner သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းရောင်းချရခြင်းနှင့်ပတ်သက်၍ T-Land IT Digital & Mobile Center မှတာဝန်ရှိသူတစ်ဦးက “မိုဘိုင်းဖုန်းဝယ်ယူသူတစ်ဦးနဲ့ ကွန်ပျူတာဝယ်ယူသူတစ်ဦးဆိုရင် ကွန်ပျူတာဝယ်ယူတဲ့သူက အချိန်ယူစဉ်းစားပါတယ်။ မိုဘိုင်းဖုန်းဝယ်ယူတဲ့သူထက် အချိန်ပိုယူပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ အသေးစိတ်အချက်အလက်၊ သုံးစွဲသူရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိဆိုတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်။ နောက်တစ်ခုက မိုဘိုင်းဖုန်းဝယ်ယူသူတစ်ဦးက မိုဘိုင်းဖုန်းတစ်လုံးကို တစ်နှစ်အထက်အသုံးပြုပြီးတာနဲ့ အသစ်တစ်မျိုး လဲလှယ်အသုံးပြုတတ်ပါတယ်။ ကွန်ပျူတာတစ်လုံးကတော့ မိုဘိုင်းဖုန်းတစ်လုံးထက် အချိန်တော်တော်ကြာကြာ ပိုပြီးအသုံးပြုကြတယ်” ဟုရှင်းပြသည်။ ထိုကဲ့သို့ ရောင်းချမှုနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “မိုဘိုင်းဖုန်းဈေးကွက်ထဲကို ကွန်ပျူတာရောင်းချတဲ့ ကုမ္ပဏီတွေ ၀င်ရောက်လာတာဟာဆိုရင် မိုဘိုင်းဖုန်းအသုံးပြုတွေအတွက် ပိုကောင်းလာနိုင်ပါတယ်။ အပြိုင်ကုမ္ပဏီတွေရှိလာတာရယ်၊ ကွန်ပျူတာနဲ့ ချိတ်ဆက်လုပ်ဆောင်ရတဲ့ Service တွေကို အပြည့်အ၀ပေးနိုင်သူတွေ များလာတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တရားဝင်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ရောင်းချမှုရှိလာရင်လဲ သုံးစွဲသူတွေအတွက် ပစ္စည်းအာမခံချက်ပိုစိတ်ချရပြီး Warranty Service တွေ အပြည့်အ၀ရလာနိုင်ပါတယ်” ဟုဆက်လက်ရှင်းပြသည်။

ရေးသားသူ -မိုးသူ

No comments:

Post a Comment